Thursday, February 7, 2013

Android OS ဖုန်းများ ဗားရှင်းမြှင့်ရာတွင် သတိပြုရန်အချက်များ

ပထမဆုံးအနေနဲ့ Android OS ဖုန်းတွေကို ဗားရှင်းမြှင့်တဲ့နေရာမှာ............

  ကိုယ့်ဖုန်းအတွက်ပေးထားတဲ့ Firmware Version ဟုတ်မဟုတ်ကို ဂရုစိုက်ရပါမယ်။ ဒါ့အပြင် ကိုယ်အသုံးပြုမယ့် Firmware ဟာ Official ROM လား Custom ROM လားဆိုတာကိုလည်း သတိပြုရပါမယ်။ ဒါတွေကိုသေချာကြည့်ပြီးမှ ကိုယ်အသုံးပြုမယ့် ROM ကိုထည့်သွင်း အသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ROM မှားယွင်းထည့်သွင်းမိမယ်ဆိုရင်တော့ အသေးစား Error အနေနဲ့ ကိုယ့်ရဲ့ဖုန်းမှာ အသုံးပြုနေတဲ့ WiFi စနစ်တွေကို အသုံးပြုလို့ မရနိုင်တော့တာမျိုး ဖြစ်လာနိုင်ပါတယ်။ အများအားဖြင့် WiFi ပျောက်သွားတတ်သလို WiFi ကရှိနေလျက်နဲ့ ချိတ်ဆက်လို့မရတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းမှာအသုံးပြုနေတဲ့ Wireless Tether လို စနစ်မျိုးဖြစ်တဲ့ Portable & WiFi Hotspot လိုစနစ်မျိုးတွေ၊ အသုံးပြုလို့ မရတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ဖြစ်တတ်တဲ့ အခြေအနေတစ်ခုကတော့ ဖုန်းရဲ့ပါဝါဟာ တတ်လာပြီးတဲ့အချိန်မှာပဲ ပြန်ပြီးတော့ Restart ပြန်ပြန်ကျသွားတတ်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးတွေ ဖြစ်နေပြီဆိုရင်တော့ ကိုယ်ထည့်သွင်းထားတဲ့ Firmware ဟာ ကိုယ့်ဖုန်းအတွက် အဆင်မပြေတော့ဘူးဆိုတာကို သတိပေးနေတာဖြစ်ပါတယ်။ နောက်ထပ်ဖြစ်တတ်တာကလည်း အချို့က ကိုယ့်ဖုန်းအတွက် Firmware Version ဟာ မြှင့်တင်ခွင့်မပေးထားတဲ့အတွက် ကိုယ်အသုံးပြုချင်တဲ့ ဗားရှင်းကို အခြား Android Version တစ်ခုကိုယူပြီး ထည့်သွင်းအသုံးပြုတတ်ကြပါတယ်။ ဒီလိုမျိုး အသုံးပြုတဲ့နေရာမှာတော့ ကိုယ်ထည့်သွင်းတဲ့ OS ဟာ ကိုယ့်ဖုန်းအတွက် မဟုတ်တဲ့အတွက် Screen Resolution မကိုက်ညီတာတို့ အသုံးပြုပုံစံစနစ်တွေ ပြောင်းလဲသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ Screen Resolution မကိုက်ညီတဲ့ Firmware ကို ထည့်သွင်းမိတဲ့အခါမှာတော့ ဖုန်းရဲ့ Screen ဟာ နဂိုမြင်နေကျ ပုံစံမျိုးမဟုတ်တော့ပဲနဲ့ အရမ်းသေးနေတဲ့ မြင်ကွင်းဖြစ်နေတာမျိုး အရမ်းကြီးမားတဲ့မြင်ကွင်း ဖြစ်နေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါက Screen Resolution မကိုက်ညီတဲ့အတွက်ကြောင့်ဖြစ်တဲ့ Error ပါ။ Firmware Version ကိုမှားယွင်းအသုံးပြုတဲ့အခါမှာ ဒီလိုမျိုးသေးငယ်တဲ့ Error တွေအပြင် ကြီးမားတဲ့ Error တွေလည်းရှိပါတယ်။ ကြီးမားတဲ့ Error ဆိုတာကတော့ ဖုန်းပါဝါသေသွားတာမျိုးနဲ့ Download Mode ပျောက်တာမျိုး၊ IMEI ပျက်သွားတာမျိုးတွေထိ ဖြစ်နိုင်ပါတယ်။ ဖုန်းတစ်လုံးရဲ့ အသက်ဟာ IMEI ပါ။ IMEI ပျောက်သွားပြီဆိုရင်တော့ ဖုန်းဟာ MP4 Player တစ်ခုလို ဖြစ်သွားမှာဖြစ်ပြီး ဖုန်းပြောလို့ လုံးဝရတော့မှာမဟုတ်ပါဘူး။ အချို့ဖုန်းတွေမှာ ပါဝါမသေပဲ IMEI ပဲပျောက်သွားတာမျိုးလည်း ရှိပါတယ်။ အဲဒါကိုတော့ Firmware ကြောင့် IMEI ပျက်သွားတယ်လို့ ဆိုနိုင်ပါတယ်။ Firmware မြှင့်တင်လို့ ပါဝါသေသွားတဲ့ ဖုန်းတွေမှာဆိုရင်တော့ အချို့ဖုန်းတွေဟာ ပြန်ပြီးတော့ ပြုပြင်လို့ရနိုင်ပေမယ့် အချို့ပါဝါသေတဲ့အပြင် Download Mode ပါပျောက်သွားတဲ့ ဖုန်းတွေမှာဆိုရင်တော့ ပြန်ပြီးပြုပြင်လို့ ကောင်းနိုင်မယ်၊ မကောင်းနိုင်ဘူးဆိုတာကတော့ ပြောဖို့ခက်ခဲသွားပါပြီ။ ဒါကတော့ကြီးမားတဲ့ Error တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် IMEI ပျက်တဲ့ဖုန်းတွေမှာဆိုရင်လည်း ပြန်လည်ပြုလုပ်ဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဖုန်းတစ်လုံးရဲ့ IMEI ကို အသစ်ပြန်ရိုက်ဖို့ဆိုတာဟာ ခက်ခဲတဲ့အလုပ်တစ်ခုပါ။ IMEI နံပါတ်တွေဟာ သူ့အစီအစဉ်နဲ့သူ ဖုန်းတိုင်းအတွက် နံပါတ်တွေနဲ့ ခွဲခြားသတ်မှတ်ထားတဲ့ Code စနစ်တွေ ဖြစ်တဲ့အတွက် ပြန်လည်ပြုလုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါတွေကတော့ Android OS ဖုန်းတွေကို ဗားရှင်းမြှင့်တင်တဲ့နေရာမှာ သတိပြုရမယ့် အချက်တွေပဲဖြစ်ပါတယ်။

0 comments:

Post a Comment